တမလွန်ဘဝအထိဆက်လက်မောင်းနှင်သွားနိုင်အောင် ဒေါ်လာသန်းချီတန်တဲ့ကားကို မြေမြုပ်ခဲ့သူ

“တမလွန်ဘဝအထိ ဆက်လက်ပြီး မောင်းနှင်သွားနိုင်အောင်ဒေါ်လာသန်းချီတန်တဲ့ကားကို မြေမြုပ်သူ”

တစ်ခါတုန်းက ဘရာဇီးနိုင်ငံမှာ သြဇာညောင်းပြီး ကျိကျိတက် အရမ်းချမ်းသာတဲ့ (Mr.Scarpa) ဆိုတဲ့ သူဌေးကြီးတစ်ယောက် ရှိပါတယ်။တစ်နေ့မှာတော့ သူက လူတိုင်း အလွန်ပင် အံ့အားသင့်သွားစေမယ့်‌ကြေညာချက် တစ်ခုကို ထုတ်ပြန်လိုက်တယ်။သူ့ရဲ့ရည်ရွယ်ချက်က သူသေဆုံးသွားပြီးနောက် တမလွန်ဘဝထိဆက်လက် မောင်းနှင်သွားလို့ရအောင် ဒေါ်လာသန်းချီတန်သောသူ့ကား အကောင်းစားကြီးကို မြေကြီးထဲ မြုပ်နှံဖို့ စီစဉ်ထားတယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဘာပြောကောင်းမလဲ။ အဖိုးတန်
ကားတစ်စီးလုံးကို မြေမြုပ် ဖြုန်းတီးပစ်မယ့် သူ့ရဲ့ စိတ်ရူးပေါက်မှုကိုလူတွေက ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရှုတ်ချ အပြစ်ပြောဆိုသံတေဟာသူ့ဆီကို ပလူပျံနေအောင် ရောက်လာပါတယ်။ကားကို မြေမြုပ်ပစ်လိုက်မယ့်အစား အများအတွက် အကျိုးရှိအောင်အဖွဲ့အစည်း တစ်ခုခုဆီကို လှူဒါန်းခဲ့ဖို့ အကြံပေးကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ကြေညာထားတဲ့အတိုင်း ကားကို တကယ်မြုပ်နှံမယ့်နေ့ရောက်တော့ ကျင်းတူးထားတဲ့နေရာကို စိတ်ဝင်တစား လာကြည့်တဲ့လူတွေလည်း ဝက်ဝက်ကွဲပေါ့။

သူဌေး (Mr.Scarpa)ကို “ကားကို နောက်ဘဝအထိ ဘယ်လိုပုံစံနဲ့ယူသွားလို့ရမှာလဲ။ ဒီလူ ရူးများနေသလား” ဆိုပြီး ဝေဖန်သံတွေက
စီစီညံနေတာပါပဲ။ဒါပေမယ့် (Mr.Scarpa) က သူ့ကားကို ကျင်းထဲမြုပ်ခါနီးမှ အခုလိုလုပ်ရတာက လူတွေကို ပညာပေးချင်တာကြောင့်လို့ ရှင်းပြတယ်။“ခင်ဗျားတို့က သန်းချီတန်တဲ့ ဒီကားကြီးကို မြုပ်ပစ်ရသလား ဆိုပြီးကျုပ်ကို အပြစ်တင်ကြတယ်။ တကယ်တော့ ခင်ဗျားတို့ကမှ ကျုပ်ရဲ့ကားထက် တန်ဖိုးကြီးတဲ့ အရာတွေများစွာကို မြေကြီးအောက်မှာမြုပ်နှံပစ်နေကြတာပါ။ စဉ်းစားကြည့်လေ။
ခင်ဗျားတို့ဟာ နှလုံးသားတွေကို မြုပ်နှံပစ်ကြတယ်၊ အသည်းတွေအဆုတ်တွေ၊ မျက်လုံးတွေ၊ ကျောက်ကပ်တွေကို မြုပ်နှံပစ်ကြတယ်။
တကယ်တော့ အဲ့ဒါတွေက တန်ဖိုးကြီးတယ်ဆိုတဲ့ ကျုပ်ကားထက်အဆတစ်ရာမကအောင် ပိုပြီးနှမြောဖို့ကောင်းတဲ့ အရာတွေပါဗျာ။
ခင်ဗျားတို့ သေသွားခဲ့ရင် မြေမြှုပ် မီးရှိုပစ်လိုက်ရမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက မပြည့်စုံတဲ့ သူတွေအတွက်တော့ တကယ့်ရတနာတွေပါပဲ။ရတနာတောင် ရိုးရိုးရတနာ မဟုတ်ပါဘူး။ ဘဝတွေကို ပြောင်းလဲသွားစေနိုင်လောက်တဲ့ တကယ့် အဖိုးတန် ရတနာတွေပါပဲဗျာ။
အဲ့ဒါကြောင့် ခင်ဗျားတို့ သေဆုံးသွားတဲ့နောက်မှာ ခင်ဗျားတို့ရဲ့အကောင်းပကတိ ကျန်ရှိနေခဲ့တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအားလုံးကို လိုအပ်နေတဲ့ ဘဝတွေအများကြီး အတွက်…….လှူဒါန်းမသွားသင့်ကြဘူးလားဗျာ”ပရိသတ်ကြီးရေ ….. သူဌေးကြီး (Mr.Scarpa )ရဲ့ အလှူအတန်းနဲ့ပတ်သက်ပြီး သင်ခန်းစာပေးပုံလေးက ပညာသားပါလှပါတယ်။ တကယ်တော့ လောကကြီးမှာ အဆောင်အယောင် ဥစ္စာတို့ထက်အဖိုးတန်တဲ့ အရာတွေကို လူတွေက အမှုမဲ့အမှတ်မဲ့ မေ့လျော့ပြီးနေကြပါတယ်။အဲ့ဒီအချက်လေးကို ဒီဆောင်းပါးလေးကမီးမောင်းထိုးပြထားတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*