သမ္ဗုဒ္ဓေဂါထာ‌တော်ရဲ့ နောက်ခံအတိတ်ဇာတ်ကြောင်း

ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။

အဲဒီပေါရာဏဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို ပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ လှူလည်းပြီးရော မင်းသမီးက ဘုရားဖြစ်ချင်တယ်ဆိုပြီး ဆုပန်တယ်။

သပိတ်အပြည့်အလှူခံရထားတော့ ညဖက်ဆီမီးပူဇော်တဲ့အခါ ကျောင်းဆောင်တော်ကြီးက ဆီမီးတွေနဲ့မြိုင်နေရော။ ဒီတော့ ဘုရားရှင်က ဆီမီးထွန်းတဲ့ ရဟန်းငယ်ကိုခေါ်မေးတယ်။ ရဟန်းငယ်ကလည်း အရှင်ဘုရားရဲ့ညီမတော်က လှူလိုက်တာဖြစ်ကြောင်း၊ ဘုရားဖြစ်ချင်တယ်လို့ ဆုတောင်းကြောင်း လျှောက်တင်တယ်။ အဲဒီအခါ ဘုရားရှင်က မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မရဘူး၊ ယောက်ျားဘဝရမှ ဘုရားဆုပန်လို့ရမယ်၊ ဒီတော့ ယောက်ျားဘဝရဖို့ အရင်ဆုပန်ခိုင်းပါလို့ မိန့်တော်မူတယ်။ တဆက်တည်းမှာပဲ ရဟန်းငယ်က သူလည်းဘုရားဖြစ်ချင်ပါတယ်ဆိုပြီး ဘုရားဆုပန်တယ်။ ဒီပင်္ကရာဘုရားရှင်ကို အားကျတာကတစ်ကြောင်း၊ သူက ဆီမီးပူဇော်တဲ့ရဟန်းဖြစ်လို့ (ဒီပင် ဆိုတာ ဆီမီး၊ ကရောတိ ဆိုတာ ပူဇော်ခြင်း) တိုက်ဆိုင်တာကတစ်ကြောင်းကြောင့် ဒီပင်္ကရာဆိုတဲ့ ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်ချင်ကြောင်း ဆုပန်တယ်။ ဒီတော့ ပါရာဏဒီပင်္ကရာဘုရားရှင်က အဘိဉာဉ်တန်ခိုးနဲ့ ကြည့်တော်မူပြီး ရဟန်းငယ်ကို နောင် ၁၆ သင်္ချေကြာတဲ့အခါ ဒီပင်္ကရာဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။

နောက်တစ်နေ့ ရဟန်းငယ်က ထုံးစံအတိုင်း ဆီအလှူခံထွက်ရင်း မင်းသမီးဆီရောက်တဲ့အခါ မြတ်စွာဘုရားမှာလိုက်တဲ့အတိုင်း မိန်းမဘဝနဲ့ ဘုရားဆုပန်လို့မရကြောင်း၊ ယောက်ျားဘဝရအောင် အရင်ဆုပန်ခိုင်းကြောင်း ပြန်မိန့်တယ်။ မင်းသမီးကလည်း မုန်ညှင်းဆီတွေ သပိတ်အပြည့်လှူတယ်၊ နောက်နေ့တွေမှာလည်း နေ့စဉ်သပိတ်အပြည့်လှူဖို့ ကတိခံပြီး ဒီလိုလှူရတဲ့အကျိုးအားကြောင့် နောက်ဘဝမှာ ယောက်ျားဘဝရပါလို၏ ဆိုပြီး ဆုတောင်းတယ်။ ဆုလည်းတောင်းတယ် ယောက်ျားဘဝရစေမယ့် အကျင့်အကြံတွေကိုလည်း တကယ်ကျင့်ကြံအားထုတ်တော့ နောက်ဘဝမှာ ယောကျာ်းဖြစ်သွားတယ်။

အဲဒီယောက်ျားဘဝကနေစပြီး နောက်ပိုင်း ဘုရားဖြစ်ချင်စိတ်အထုံကြောင့် ပါးစပ်ကထုတ်မပြောပေမယ့် စိတ်ထဲကနေ ဘုရားဆုပန်တာ ၇ သင်္ချေကြာတယ်။ အဲဒီ ၇ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၁၂၅၀၀၀ ဆူ ပွင့်တော်မူခဲ့တယ်။

နောက်ပိုင်းဘဝတွေကျတော့ ဘုရားဖြစ်ချင်တဲ့ အထုံအစွဲကြီးလွန်းလာတာရယ်ကြောင့် စိတ်ထဲကတင်မကတော့ပဲ နှုတ်ကပါ ဘုရားဆုပန်တယ်။ အဲဒီလို နှုတ်ကနေ ဘုရားဆုပန်တာ ၉ သင်္ချေရှိတယ်။ အဲဒီ ၉ သင်္ချေကာလအတွင်း ဘုရားပေါင်း ၃၈၇၀၀၀ ဆူ ပွင့်ခဲ့တယ်။

မိန်းမဘဝအပြီး ယောကျာ်းဘဝကို စရတဲ့ အချိန်ကနေ စိတ်နဲ့ဘုရားဆုပန်တဲ့ ၇ သင်္ချေရယ် နှုတ်နဲ့ဘုရားဆုပန်တဲ့ ၉ သင်္ချေရယ် ပေါင်း ၁၆ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၅၁၂၀၀၀ ပွင့်တော်မူတယ်။

၁၆ သင်္ချေကြာတဲ့အခါဆိုတော့ ပေါရာဏဒီပင်္ကရာမြတ်စွာဘုရားဆီက ဗျာဒိတ်တော်ရထားတဲ့ရဟန်းငယ်လေးက ဒီပင်္ကရာဆိုတဲ့ဘွဲ့တော်နဲ့ ဘုရားဖြစ်တော်မူတယ်။

ဒီပင်္ကရာမြတ်စွာဘုရားကြွလာတဲ့လမ်းမှာ တံတားခင်းတာ အချိန်မမီတဲ့အတွက် သုမေဓာရသေ့က ကိုယ်ကိုတံတားခင်းပြီးလှူတယ်။ ဒီပင်္ကရာဘုရားရှင်က ကြည့်တော်မူတဲ့အခါ သုမေဓာရသေ့က ပေါရာဏဒီပင်္ကရာဘုရားလက်ထက် သူရဟန်းငယ်ဘဝနဲ့ ဗျာဒိတ်တော်ရတဲ့ဘဝတုန်းက သူ့ကို မုန်ညှင်းဆီလှူတဲ့ မင်းသမီးဖြစ်နေတာကိုမြင်တယ်။ အဲဒီမှာ ဘုရားရှင်က မင်းသမီးလေးဘဝဖြစ်စဉ်ကို ပြန်ပြောင်းဟောပြတယ်။ ပြီးတော့ နောင် ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတဲ့အခါ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။ မုန်ညှင်းဆီလှူခဲ့တဲ့အကျိုးကြောင့် လူဖြစ်တဲ့ နောက်ဆုံးဘဝနာမည်က သိဒ္ဓတ္ထမင်းသားဖြစ်လိမ့်မယ်လို့ ဟောတော်မူတယ်။ (သိဒ္ဓတ္ထ ဆိုတာ မုန်ညှင်း၊ တေလ ဆိုတာ ဆီ၊ သိဒ္ဓတ္ထတေလ ဆိုတာ မုန်ညှင်းဆီ)

သုမေဓာရသေ့ဘဝနဲ့ ဒီပင်္ကရာဘုရားဆီက ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့အချိန်အထိ ကြားကာလ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်ခဲ့တဲ့ ဘုရားပေါင်းက ၂၈ ဆူရှိတယ်။

အဲဒီတော့ စိတ်နဲ့ဆုပန်တဲ့ကာလရယ်၊ နှုတ်နဲ့ဆုပန်တဲ့ကာလရယ်၊ ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့ အချိန်အထိရယ် အတွင်းမှာ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ပွင့်တော်မူတယ်။

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။

အဋ္ဌ ဆိုတာ ၈
ဝီသဉ္စ ဆိုတာ ၂၀
အဋ္ဌဝီသဉ္စ ဆိုတော့ ၂၈

ဒွါဒဿ ဆိုတာ ၁၂
သဟႆ ဆိုတာ ၁၀၀၀
ဒွါဒသဉ္စ သဟဿကေ ဆိုတော့ ၁၂x၁၀၀၀ = ၁၂၀၀၀

ပဉ္စ ဆိုတာ ၅
တသ ဆိုတာ ၁၀၀
ပဉ္စတသ ဆိုတော့ ၅x၁၀၀ = ၅၀၀
သဟႆ ဆိုတာ ၁၀၀၀
ပဉ္စတသ သဟဿနိ ဆိုတော့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ၊ ဆိုတာ ၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို

နမာမိ – ရှိခိုးခြင်း
သိရသာ – ဦးခေါင်းဖြင့်
အဟံ – ကျွန်ုပ်သည်
နမာမိ သိရသာ မဟံ – ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏

ဦးခေါင်းဖြင့်ရှိခိုးတယ်ဆိုတာ လက်အုပ်ချီပြီး ခေါင်းပေါ်တင်ထားတာကိုခေါ်တယ်။ နတ်တွေ ဗြဟ္မာတွေက အဲဒီလိုပဲ ရှိခိုးကြတယ်။ သာမန်ရှိခိုးတာက ကိုယ်ရှေ့မှာ လက်အုပ်ချီပြီး ဦးညွတ်ထားတာမျိုး။

အပ္ပကာ – နည်းသေး၏
ဝါဠုကာ – သဲ
ဂင်္ဂါ – ဂင်္ဂါမြစ်
အပ္ပကာ ဝါဠုကာ ဂင်္ဂါ – ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင် နည်းသေး၏

အနန္တာ – မရေမတွက်နိုင်အောင်များသော
နိဗ္ဗူတာ – နိဗ္ဗာန်ဝင်ခြင်း
ဇိနာ – မာန်ငါးပါးကို အောင်မြင်သော ဘုရားရှင်
အနန္တာ နိဗ္ဗူတာ ဇိနာ – မာန်ငါးပါးကို အောင်မြင်၍ နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင် များလှပြီ

တေသံ – ထိုဘုရားရှင်တို့၏
ဓမ္မဉ္စ – တရားဓမ္မတို့ကို
သံဃဉ္စ – သံဃာတော်တို့ကို

အာဒရေန – ရိုသေစွာ
နမာမိ – ရှိခိုးပါ၏
အဟံ – ကျွန်ုပ်သည်
အာဒရေန နမာမဟံ – ကျွန်ုပ်သည် ရိုသေစွာ ရှိခိုးပါ၏

နမက္ကာရာ – ဤသို့ရှိခိုးရသော
နုဘာဝေန – အကျိုးအားကြောင့်

ဟိတွာ – ပယ်ပျောက်ခြင်း
သဗ္ဗေ – ခပ်သိမ်းသော
ဥပဒ္ဒဝေ – ဘေးရန်တို့သည်
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ – ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ

အနေကာ အန္တရာယာပိ – တစ်ခုမကသော အန္တရာယ်တို့သည်
ဝိနဿန္တု – ပျောက်ကွယ်ပါစေ
အသေသတော – အကြွင်းမရှိ
အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော – တစ်ခုမကသောအန္တရာယ်တို့သည် အကြွင်းမရှိ ပျောက်ကွယ်ပါစေ

သမ်ဗုဒ်ဓေ အဋ်ဌဝီသဉ်စ၊ ဒှါဒသဉ်စ သဟဿကေ၊ ပဉ်စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို ကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးပါ၏။

အပ်ပကာ ဝါဠုကာ ဂင်ျဂါ၊ အနန်တာ နိဗ်ဗူတာ ဇိနာ၊ တသေံ ဓမ်မဉ်စ သံဃဉ်စ၊ အာဒရနေ နမာမဟံ။
ဂင်္ဂါမြစ်အတွင်းရှိသဲတို့သည်ပင် နည်းသေး၏၊ မာန်ငါးပါးကိုအောင်မြင်ပြီး နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင်များလှပြီ။ ထိုဘုရားရှင်တို့နှင့် ထိုဘုရားတို့၏ တရားဓမ္မတို့ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်း ကျွန်ုပ်သည် ရိုသေစွာရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။
ဤသို့ရှိခိုးရသော အကျိုးအားကြောင့် ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ၊ တစ်ခုမကသောအန္တရာယ်တို့သည်လည်း အကြွင်းမရှိပျောက်ကွယ်ပါစေ။

(ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်စာအုပ်တို့မှ ထုတ်နှုတ်၍ ပြန်ရေးထားခြင်းဖြစ်ပါသည်)

CRD# YeKhaung

Be the first to comment

Leave a Reply

Your email address will not be published.


*