“မိန်းမ မတက်ရတဲ့ ဘုရားများဆိုတာ”

မက္ကဆီကို နိုင်ငံဆိုတာ အားလုံးသိကြတဲ့ အတိုင်းပဲ ခရစ်ယာန်များတဲ့ နိုင်ငံ။ အဲဒီ မက္ကဆီကိုက ဗုဒ္ဓဘာသာ ဖြစ်စ လူ (၃၀) လောက် မြန်မာပြည် ရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ မန္တလေးက မဟာမြတ်မုနိဘုရားကြီး ဝင်ဖူးပြီးတော့ စစ်ကိုင်း ရောက်လာတယ်။ ရောက်လာပြီး ပါချုပ်ဆရာတော် ကျောင်း ရောက်လာပြီးတော့ ကျောင်းစောင့်တွေကို ခွင့်တောင်းတယ်။ “ဆရာတော်နဲ့တွေ့တုန်း မေးစရာရှိတာလေး မေးချင်ပါတယ်” တဲ့။

ဒါနဲ့ ဆရာတော်ကို နိုင်ငံခြားသားတွေကတွေ့တဲ့အခါ မက္ကဆီကန်သူ အမျိုးသမီး တစ်ယောက်က ဘာမေးတုန်း ဆိုရင် “ဘုရားကြီး ဝင်ပြီး ဖူးတဲ့အခါမှာ (အမျိုးသမီးမဝင်ရ) ဆိုတဲ့ ဆိုင်းဘုတ် တွေ့လာ တယ်တဲ့။ ဗုဒ္ဓဘာသာက အဲဒီလို ခွဲခြား ဆက်ဆံ သလား” တဲ့။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ထိစပ်နေတဲ့ နေရာ အတော်များများမှာ အဆိုပါ ဆိုင်းပုဒ်နဲ့ စည်းကမ်းလေး တွေ တွေ့ဖူးကြမှာပါ။ ဥပမာ – ရွှေတိဂုံဘုရားရဲ့ အလယ်ပစ္စယံ မှာဆိုရင် “အမျိုးသမီး မတက်ရ” ဆိုတဲ့ ဆိုင်းဘုတ်ထောင် ထားတာ ရှိတယ်။ ကျိုက်ထီးရိုး ဘုရားမှာ ကျတော့လဲ “တံတားကို အမျိုးသမီး မကူးရ” ဆိုတာမျိုးတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒီနိုင်ငံအကြောင်း သိပ်မသိတဲ့ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ ဧည့်လမ်းညွှန် Tour Guide တွေ ခဏခဏ ပြဿနာတက်တတ် ကြတယ်။

ဆိုတော့ အခုလည်း မက္ကဆီကန်က အသစ်စက်စက် ဗုဒ္ဓဘာသာ ဖြစ်ခါစ နိုင်ငံခြားသူ က မကျေနပ် ဘူး။ သူတို့ နိုင်ငံခြားက လာတဲ့ အမျိုးသား၊ အမျိုးသမီးတွေက အင်မတန် စူးစမ်းကြတာလေ။ တစ်ခုခု ဆိုရင် တိကျတဲ့ အဖြေမရ မချင်း ဇွတ်ကို မေးနေမှာ။ ခုလဲ ဒီကိစ္စကို မရဘူး။ သူလက်မခံဘူးပေါ့။ သူက ယောက်ျားရှေ့က နေချင်တာ။ အဲ့တော့ ယောက်ျားတွေချည်း တစွက်စွက် ဝင်သွားပြီး မိန်းမသားတွေ မဝင်ရဘူး ဆိုတော့ ဒါက မိန်းမသားတွေကို ဘာသာရေးမှာ သက်သက် နှိမ်တယ်လို့ စိတ်ထဲမှာ ထင်ကြောင်း ပါချုပ် ဆရာတော်ကို လျှောက်တယ်။

ပါချုပ် ဆရာတော် က ဘာပြန်မိန့်သလဲဆိုတော့ – “This is not Buddhism. This is a tradition.” ဒါ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့။ ဒါဟာ “tradition” မြန်မာတို့ရဲ့ ဓလေ့ထုံးစံ ခေါ်တယ်လို့ ပြောတော့မှ ကျေနပ် သွားတယ်။

Tour Guide လုပ်တဲ့ လူတွေကိုလည်း ပါချုပ်ဆရာတော်ဟာ တဆက်ထဲမှာလိုက်တယ်။ “မင်းတို့ ရှည်ရှည်ဝေးဝေးတွေ လျှောက်မပြောနဲ့။ Guide လုပ်တဲ့လူကို အဲဒီလိုမေးလိုက်လို့ Guide ဖြစ်တဲ့လူက အယောင်ယောင်အမှားမှားနဲ့ အမျိုးသမီးဆိုတာ ဘုရားရှေ့မှာ မတော်လို့လို့၊ ထမီတွေနဲ့ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး အဲဒီလိုတွေ မပြောနဲ့တဲ့။ သူတို့ဆီမှာ ထမီ ခေါင်းပေါင်းပြီး ရေချိုးတဲ့ ယောက်ျား တောင် ရှိသေးတယ်တဲ့” ဆရာတော်က မိန့်တယ်။

ဆက်လက်ပြီး ဆရာတော်က – “သီဟိုဠ်မှာဆိုရင် သူတလှည့် ကိုယ်တလှည့် ဝတ်နေတာ။ ထမီရယ် လုံချည်ရယ် ရှိတာ မဟုတ်ပဲ။ ဘာမှ မထူးဘူး။ ခေါင်းအုံးပေါ်လဲ ခြေထောက် တင်တာပဲ အဲဒီလူတွေ။ အဲဒီတော့ ခြေထောက်က နိမ့်ကျပြီး ခေါင်းက မြတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ ရမှာလဲ။ ခန္ဓာကိုယ်တစ်ခုလုံးဟာ တူတူပဲပေါ့။

သို့သော် ဗမာတွေ အယူအဆနော်။ ခေါင်းရင်းဆိုရင် အမွန်အမြတ် ထားတယ်လေ။ ခေါင်းရင်းကို ခြေထောက်ထားရင် အလွန်စိတ်ဆိုးမယ်။ ဒါက tradition ပဲပေါ့။ ခေါင်းမကိုင်နဲ့ ခေါင်းကိုင်ရင် မကြိုက် ဘူး။ ထိုင်းလေးတွေဆိုရင် ခေါင်းသွားကိုင်ရင် ရန်သူပဲ။ အဲဒါ သီဟိုဠ်တွေက ဘာရယ် မဟုတ်ဘူး။ လူကို ချစ်လို့ရှိရင် ခေါင်းကိုင်တယ်။

အဲဒီလိုမျိုးတွေ တစ်ဦးနဲ့တစ်ဦး tradition တွေက မတူဘူး။ ပြီးတော့ သီဟိုဠ်တို့ Chinese တို့က တစ်ခုခုပြရင် လက်နဲ့ မပြဘူး။ ခြေထောက်နဲ့ ပြတယ်။ (ဗမာကျတော့ ဒါ အင်မတန်ရိုင်းတယ်) ဒါ သူတို့ tradition ပဲလို့ ကိုယ်က နားလည်လို့ရှိရင် ပြဿနာ မဖြစ်ဘူး။ “ဟာ ဒီကောင် ရိုင်းလှချည်လား” ဆို ရန်ဖြစ်ကြ။ သူကလဲ ဘာရိုင်းမှန်း မသိဘူး။ ရိုင်းလှချည်လားဆို သူ့ကိုယ်သူလဲ ဘာရိုင်းမှန်းမှ မသိတာ။ သူ လုပ်နေကျပဲ ခြေထောက်နဲ့ ပြတယ်လေ။ ဒါ သူ့ ခြေထောက် အားလို့ ခြေထောက်နဲ့ ပြတာပေါ့။ ကိုယ်အားတာ ကိုယ်လုပ်တာ။ လက်နဲ့ ခြေထောက် တူတူပိုင်တာပဲ။

သို့သော် tradition အရ ဒါတွေ ရိုင်းစိုင်းတယ်လို့ ယူဆတယ်။ ယဉ်ကျေးတယ်လို့ ယူဆကြတယ်။အဲဒီလို ယူဆတာ။

သီဟိုဠ်ကျွန်း သွားကြည့်ရင် တရားနာပြီဆိုလို့ရှိရင် အမျိုးသမီးတွေက ဒူးတုပ်ပြီး မထိုင်နိုင်ဘူး။ ဘာလုပ်တုန်း။ ဘုန်းကြီးဘက် ခြေထောက်လေးတွေ ဆင်းပြီး ထိုင်ကြတယ်။ အမျိုးသားတွေက ဒူးထောင်ပေါင်ကား ထိုင်ကြတယ်။ အဲတော့ အမျိုးသမီးတွေထိုင်တာ ကြည့်လိုက်လို့ရှိရင် ဘုန်းကြီး ဘက်ကို ခြေဆင်းထိုင်ကြတယ်။ လက်အုပ်တော့ ချီထားတယ်။ ခြေစုံလက်စုံမိုးတယ် ဆိုတာ အဲဒါ ခေါ်တာ။ ဒါ ဗုဒ္ဓဂယာ သွားတဲ့လူတွေ သီဟိုဠ်အဖွဲ့ ဘုရားဖူးလာတယ်ဆိုရင် တွေ့လိမ့်မယ်။ ဒီအတိုင်းပဲ တွေ့ရတတ်တာပဲနော်။ ခြေစုံလက်စုံမိုး ဒါ သူတို့ tradition ပဲ။ သွားပြောလို့ မရဘူးလေ။

သူတို့မှာ ခြေထောက်ကို ယုတ်ညံ့တယ်လို့ မသတ်မှတ်ဘူး။ ဗမာကတော့ ခြေထောက်ကို အလွန် ယုတ်ညံ့တယ်။ ယုတ်ညံ့သည့်အတွက်ကြောင့် လူကြီး၊ သူကြီးရှေ့ဆိုရင် ခြေထောက်ဖော် မထိုင်ရဘူး။ နောက်ပစ်ထားရတယ်နော်။ သူတို့ကျတော့ ခြေထောက်နဲ့ ခေါင်း တူတူပဲ။ ဘာမှ မထူးဘူး။

အေး မြတ်စွာဘုရားရဲ့ အဆုံးအမ အမှန်တွေဟာ ဒီ tradition တွေကနေ ခွဲထွက်ဖို့ လိုအပ်တယ်။ tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေး ဝင်ရောက် နေတာ။ ဗုဒ္ဓရဲ့ အဆုံးအမ အစစ်က ခုနက ပြောတဲ့ အတိုင်းပဲ။

ဘယ်အချိန်လုပ်လုပ် ကောင်းတာ လုပ်ရင် ကောင်းတဲ့ နက္ခတ်ပဲ။ ကောင်းကင်က ကြယ်တွေက ကိုယ့် ကိုဘာမှ မတတ်နိုင်ဘူး။ ကောင်းကင် နက္ခတ်တွေက ကိုယ့်ကို ဘာမှ မတတ်နိုင်ဘူး။ ကိုယ် လုပ်သင့် မလုပ်သင့် ကိုယ့်ဟာ ကိုယ်ပဲ နားလည်ရမယ်။ အကုသိုလ် မဖြစ်အောင် လုပ်ရမယ်။ ကုသိုလ် ဖြစ် အောင် သတိဆောင်ရမယ်။ ဒါ မြတ်စွာဘုရားရဲ့အဆုံးအမ အခြေခံပဲ။

မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ် ဆိုလို့ရှိရင် ကုသိုလ်ဖြစ်တဲ့အလုပ် မှန်သမျှ လုပ် ကောင်းတယ်။ အကုသိုလ်ဖြစ်တဲ့ အလုပ်မှန်သမျှ မလုပ်ကောင်းဘူး။ ဒီလိုပဲ သတ်မှတ်တယ်။”

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော်
( ဒေါက်တာ နန္ဒမာလာဘိဝံသ )

Be the first to comment

Leave a Reply

Your email address will not be published.


*