
သူ့ရဲ့ရွာလေးကို ပန်းချီပညာဖြင့် ဒဏ္ဍာရီဆန်တဲ့ရွာလေးအဖြစ်ပြောင်းလဲကာ ဖြိုဖျက်ခံရမယ့်ဘေးက ရွာလေးကိုကယ်တင်ပေးခဲ့တဲ့ အဘိုးအို
အနှစ် ၄၀ နီးပါးလောက် အေးချမ်းသာယာစွာနေထိုင်လာခဲ့တဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ဘဝနေထိုင်မှုပုံစံလေးတွေနဲ့ ရွာလေးတွေနဲ့ ရွာသူရွာသားတွေကို မြင်ယောင်ကြည့်လိုက်ပါ။ အစိုးရက အဲဒီရွာလေးကို ရုတ်တရက် ရွှေ့ပြောင်းရမယ် ဖျက်ဆီးပစ်ရမယ်လို့ အမိန့်ထုတ်လာခဲ့တယ်ဆိုရင်ရော သင့်အနေနဲ့ သင့်ရွာကလေးနဲ့ သင့်မွေးရပ်မြေကိုဘယ်လိုကာကွယ်မလဲ ။ သင့်ရဲ့အမှတ်တရတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ မွေးရပ်မြေရွာလေးကို ဆက်ပြီးထိန်းသိမ်းထားနိုင်ပြီး ရှေ့ဆက်ဖို့၊ အစိုးရကိုဆန္ဒပြတဲ့ နည်းလမ်းပဲလုပ်နိုင်ပါလိမ့်မယ်၊ ဒါမှမဟုတ် ဘာမှလုပ်လို့မရဘူး ။
အဘိုးအို Huang Yung-fu

သို့သော်လဲ အထက်မှာပြောခဲ့သလိုအခြေနေကြုံကြိုက်နေရတဲ့ ထိုင်ဝမ်က ရွာလေးတစ်ရွာမှ အဘိုးအိုတစ်ဦးကတော့ ပန်းချီစုတ်တံကို ကောက်ကိုင်လိုက်ပြီး သူ့ရွာကို အနုပညာများဖြင့်ချယ်သလိုက်ပြီး ရွာလေးကို လုံးဝပြောင်းလဲလိုက်ကာ အခုဆို ကမ္ဘာတဝှမ်းက လူတွေက သူ့ရွာလေးကို လာရောက်လည်ပါတ်နေကြပြီပဲဖြစ်ပါတယ်။

ယခုတစ်ခါမှာတော့ ရဲရင့်ပြီး တီထွင်ဖန်တီးမှုရှိသော အဘိုးအိုတစ်ဦး၏ဇာတ်လမ်းကို ကျနော်တို့စိတ်ဝင်စားခဲ့ပြီး သူ့ရဲ့အကြောင်းကို မျှဝေပေးလိုက်ပါတယ်နော်…

ထိုင်ဝမ်ရှိ Nantun ခရိုင်တွင်တည်ရှိသော ရွာငယ်လေးသည် ဖျက်ဆီးခံရရန်နောက်ဆုံးအခြေအနေပေါ်တွင် တည်ရှိနေသော်လည်း နေထိုင်သူ ၁၁ ဦးက နေထိုင်နေကြဆဲဖြစ်သည်။ အဲဒီအထဲမှာမှ အဲဒီအချိန်တုန်းက အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Huang Yung-fu ဆိုတဲ့ အဖိုးအိုတစ်ယောက်လဲအပါအဝင်ဖြစ်ပါတယ်။ “ကျွန်တော် ဒီရွာကိုစရောက်တုန်းက ရွာမှာ အိမ်ခြေ 1,200 ရှိပြီး ကျွန်တော်တို့အားလုံးဟာ မိသားစုကြီးတစ်ခုလို နေထိုင်ခဲ့ကြပါတယ်” ဟု Huang က ပြန်ပြောပြပါသည်။ ဒါပေမယ့် ရွာရဲ့အရာရာတိုင်းက ပြောင်းလဲသွားခဲ့ပါတယ်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ထိုင်ဝမ်အစိုးရသည် ထိုရွာကို ဖြိုဖျက်ကာ ယင်းနေရာတွင် တိုက်ခန်းဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး ဒေသခံများကို အခြားနေရာသို့ ပြောင်းရွှေ့ရန် လျော်ကြေးပေးခဲ့ပါသည်။ “လူတိုင်း ပြောင်းသွားခဲ့ကြပါတယ် တစ်ချို့လဲဆုံးပါးသွားတော့ ကျွန်တော် အထီးကျန်လာတယ်” ဟု အဆိုပါ အဘိုးအိုက ရှင်းပြသည်။ Huang သည် သူ့ရဲ့နေထိုင်ရာရွာလေးမှသူ့ရဲ့အိမ်ကနေ ထွက်ခွာရန် ငြင်းဆန်ခဲ့ကာ အဲဒီ့အချိန်က စပြီး သူဟာပန်းချီစတင်ပြီးဆွဲခဲ့ပါတော့တယ်။

Huang သည် ပရော်ဖက်ရှင်နယ် ပန်းချီဆရာတစ်ယောက်တော့မဟုတ်ပါဖူး၊ ပုံဆွဲခြင်းကို နှစ်သက်သူတစ်ဦးသာလျှင်ဖြစ်ပါသည် ပန်းချီပညာကိုတော့ သူ့အဖေက သင်ကြားပေးထားသော အတတ်ပညာတစ်ခုဖြစ်ပါသည်။

ပထမတော့ သူ့အိမ်နံရံမှာ ငှက်တစ်ကောင် ပန်းချီဆွဲခဲ့ပါတယ်။ ထိုနေရာမှ တိရစ္ဆာန်များ၊ ငှက်များ၊ ပန်းများနှင့် လူများကို ဆက်လက်ပေါင်းထည့်လိုက်ကာ မကြာမီမှာတော့ အခြားအဆောက်အအုံများပေါ်များမှာပါ လိုက်ပြီးရေးဆွဲခဲ့ပါတော့တယ်။ သူသည် ရွာရဲ့ လက်မစီတိုင်းတွင်နေရာလပ်မကျန် အတောက်ပဆုံး ဆေးခြယ်မှု နှင့် အမိုက်ဆုံး ဒီဇိုင်းများဖြင့် ဖုံးလွှမ်းသွားသည်အထိ သူ ဆက်လက် ရေးဆွဲခဲ့ပါသည်။

အဘိုးအို Huang ကံကောင်းသွားတဲ့ အချက်ကတော့ သူနဲ့သူ့ရွာရဲ့အကြောင်းကို ဒေသခံ တက္ကသိုလ် ကျောင်းသားများကကြားသိခဲ့ကြပြီး သူ့ကိုကူညီခဲ့ကြတာပဲဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားများဟာ အဘိုးအိုရဲ့ပန်းချီကားအချို့ကိုပြသကာ ရွာကိုကယ်တင်ရန် အစိုးရကိုအသနားခံစာတင်ခြင်းနှင့် ရန်ပုံငွေများရရှိစေရန် ကောက်ခံလှုပ်ရှားမှုများ လုပ်ဆောင်ပေးခဲ့ကြပါသည်။

ထိုသတင်းက ထိုင်ဝမ်တစ်နိုင်ငံလုံးကိုပျံ့နှံ့သွားပြီး “သက်တံ့ကျေးရွာ” လို့ခေါ်တဲ့ ကျေးရွာလေးတစ်ခုစတင်မွေးဖွားလာခဲ့ပါတော့တယ်။

တောက်ပကာ အရောင်အသွေးစုံလင်ပြီး ထူးခြားဆန်းသစ်သော ဖန်တီးမှုအနုပညာလက်ရာများသည် နိုင်ငံခြားဧည့်သည်များနှင့်နိုင်ငံအတွင်းက လူအများရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ နောက်ဆုံးမှာတော့ လူအများမျက်စိကျလာပြီးနောက် ထိုင်ဝမ်အစိုးရက ဖြိုဖျက်မိန့်ကို ရုပ်သိမ်းခဲ့ပြီး ယင်းအစား ရွာကို ခရီးသွားဆွဲဆောင်မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ် ထားရှိရန် ဆုံးဖြတ်ခဲ့ရပါတော့သည်။
Rainbow ရွာလေးကို နှစ်စဉ် လူ ၂ သန်းခန့် လာရောက် လည်ပတ်ကြပါတယ်။

Rainbow Village သည် ရေပန်းအစားဆုံး ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်လာပြီး ၎င်းသည် Instagrammer တိုင်းရဲအိပ်မက်တစ်ခုဖြစ်လာပါသည်။ Rainbow Village နောက်ကွယ်မှ အသက်သွေးကြောဖြစ်သည့် Huang ကိုယ်တိုင်က ချစ်စဖွယ် Rainbow Village လေးကို ထိန်းသိမ်းထားပြီး ပန်းချီကားများကို အမြဲစစ်ဆေးကာ ပန်းချီအသစ်များလဲထပ်မံပြီးဖြည့်စွပ်နေဆဲဖြစ်ပါသည်။
ရွာလေးက တကယ့်လက်တွေ့ဘဝမြို့တွေထက် ပိုပြီးဒဏ္ဍာရီဆန်ပါတယ်။

စွမ်းအင်နှင့် ကြိုးစားအားထုတ်မှုများစွာ လိုအပ်သော်လည်း ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး အဘိုးအို Huang ကတော့ အသက် 100 ကျော်သည့်တိုင် ပန်းချီများဆက်လက်ရေးဆွဲနေဦးမည်ဟု ကြွေးကြော်ခဲ့ပါတယ်။
ယခုအခါမှာတော့ Huang အဘိုးအို ကို “သက်တံ့အဘိုး” လို့ ချစ်စဖွယ် ခေါ်ဆိုနေကြပါသည်။

Leave a Reply